Donald Trump Sualphawt Asinak Vialte Kan Ngaithiam Lai Tiah An Ti

Republicans nih an uar ngaimi Florida.Gov. Ron DeSantis le S.California gonernor hlun Nikki Haley nih president kan si ahcun Donald Trump sualphawtnak an tuahmi vialte hi kan ngaithiam lai tiah an ti. Trump dihmun hi chim awk a tha ti lo, thimnak mee kan rel piak lai lo tiah states 2 nih an ti cang. Trump huatu States dang cheukhat zong nih atu hi mee relpiak ve lo dingin timhlamnak an ngei cio cang tiah report cheukhat nih an langhter len cang.

ချင်းပြည်(Chinland)ကောင်စီ ဥက္ကဌ Pu Zing Cung ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေ။ ချင်းအမျိုးသားများနှင့် Chinland ပြည်သူများ ခင်ဗျား-

၂၀၂၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၄ ခုနှစ် နှစ်သစ်သို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီနှစ်သစ် အခါသမယမှာ ဘုရားသခင်က အမိမြေ Chinland ကို ကောင်းချီးပေးပါစေကြောင်း၊ ချင်းလူမျိုးတို့အပေါ် စိတ်ဓာတ်ခွန်အား၊ ဝိညာဉ်ခွန်အား၊ ကာယခွန်အားများ သွန်းလောင်းချပေးပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ​၂၀၂၃ ခုနှစ်မှာ ချင်းလူမျိုးတို့ဟာ နာကျည်းမှု၊ ဝမ်းနည်းပူးဆွေးမှု၊ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ကြရပေမယ့် စစ်ရေးကဏ္ဍမှာ အာဏာရှင်စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့အပြင် ရန်သူကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ကြပြီး နိုင်ငံရေးကဏ္ဍမှာ ချင်းလူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ကျင့်သုံးရန်အတွက် “ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေ”ကို ရေးဆွဲ ပြဌာန်းကာ Chinland Council ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ခေတ်သစ်ချင်းသမိုင်းမှာ Chinland တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားတည်ဆောက်ရေးအတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို ချမှတ်နိုင်ခဲ့ကြပါတယ်။ ချင်းအမျိုးသားများနှင့် Chinland ပြည်သူများ ခင်ဗျား- ၂၀၂၄ ခုနှစ်ဟာ ချင်းလူမျိုးတို့အတွက် အလွန်အရေးကြီးတဲ့ ’နှစ်’ ဖြစ်ပါတယ်။ ဒီနှစ်သစ်အခါသမယမှာ အရေးတကြီးအကောင်အထည်ဖော်ဆောင်ရွက်ရမယ့် အချက် (၄) ချက်ကို ပြောကြားလိုပါတယ်။

​ပထမအချက်ကတော့ “စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး”ပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်ရေးအတွက် ဒီစနစ်ကိုကျောထောက်နောက်ခံပေးနေတဲ့ စစ်တပ်နဲ့ ၎င်းရဲ့ ယန္တရားတစ်ခုလုံးကို ချေမှုန်းဖို့ လိုပါတယ်။
​တိုင်းပြည်တစ်ခုမှာ စစ်တပ်လိုအပ်တယ်ဆိုတာ လူတိုင်း နားလည်သဘောပေါက်ပါတယ်။ ဒါပေမယ့် အဲဒီစစ်တပ်ဟာ ပြည်သူနဲ့ တိုင်းပြည်ကို ကာကွယ်တဲ့ စစ်တပ်မဟုတ်ဘဲ ပြည်သူကို ဖိနှိပ်ညှင်းပမ်း သတ်ဖြတ်တဲ့စစ်တပ်၊ တိုင်းပြည်ကို အတင်းအဓမ္မ အုပ်ချုပ်တဲ့စစ်တပ် ဖြစ်နေခဲ့လို့ရှိရင် ပြည်သူလူထုကပဲ အမြစ်ပြတ်တဲ့အထိ တွန်းလှန်တိုက်ထုတ်ရမှာ ဖြစ်တယ်။ ဒီကနေ့ ပြည်ထောင်စု မြန်မာနိုင်ငံကို နှစ်ပေါင်း (၆၀) ကျော် အုပ်စိုးနေတဲ့စစ်တပ်ဟာ တိုင်းပြည်ဆင်းရဲမွဲတေသွားအောင် လုပ်ဆောင်ခဲ့တဲ့ စစ်တပ် ဖြစ်ပါတယ်။

တိုင်းသူပြည်သားတွေကို ဖိနှိပ်၊ ညှင်းပမ်း၊ သတ်ဖြတ်၊ လုယက်တဲ့ စစ်တပ် ဖြစ်ပါတယ်။ တိုင်းပြည်ကို ရာသက်ပန်အုပ်ချုပ်နိုင်ရေးအတွက် စစ်စည်းမျဉ်းခံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဌာန်းပြီး ဖိနှိပ်အုပ်ချုပ်တယ်။ ပြည်သူရဲ့ဆန္ဒကို ကျည်ဆံနဲ့တုန့်ပြန်တဲ့ စစ်တပ် ဖြစ်ပါတယ်။ ​ဒါကြောင့် ဒီလိုစစ်တပ်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းကြရမှာ ဖြစ်တယ်။ ဒါဟာ ချင်းလူမျိုးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံး တစိုက်မတ်မတ် လုပ်ဆောင်ရမယ့် သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်။
ချင်းအမျိုးသားများနှင့် Chinland ပြည်သူများ ခင်ဗျား

ဒုတိယအချက်ကတော့ “ချင်းအမျိုးသားပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ရေး” ဖြစ်ပါတယ်။ ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေမှာ “ချင်းပြည် (Chinland) အတွင်းရှိ ပြည်သူလူထုသည် ချင်းပြည် (Chinland) အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင် ဖြစ်သည်”လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ချင်းအမျိုးသားပိုင်နက်နယ်မြေနဲ့ ချင်းအမျိုးသားတစ်ရပ်လုံးကို ကာကွယ်စောင့်ရှောက်ရေး ဟာ ချင်းလူမျိုးတိုင်းရဲ့ အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါတယ်။
​ယခုအခါ Chinland ရဲ့ နယ်မြေအများစုကို ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေး တပ်ဖွဲ့များက စိုးမိုးထိန်းချုပ်နေပြီ ဖြစ်ပါတယ်။ ဒီလို ထိန်းချုပ်နိုင်ခြင်းဟာ ပြည်တွင်းပြည်ပ ချင်းလူမျိုးအားလုံး ကျရာကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ချင်းအမျိုးသားတို့ရဲ့ ပိုင်နက်နယ်မြေ အစိတ်အပိုင်းတစ်ချို့ကို အကြမ်းဖက်စစ်တပ်က ကျူးကျော်အုပ်ချုပ်နေဆဲ ဖြစ်တယ်။

​မိမိတို့ဟာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် နှစ်ပေါင်း (၇၀) ကျော် ကြိုး ပမ်းခဲ့ကြပေမယ့်လို့ စစ်အာဏာရှင်တွေရဲ့ ဟန့်တားနှောက်ယှက် ဖျက်ဆီးမှုကြောင့် ယနေ့ထိတိုင် မတည် ဆောက်နိုင်သေးပါဘူး။ ချင်းလဲန်ဟာ ပင်လုံစာချုပ် မချုပ်ဆိုမီက အချိန်ကာလအတိုင်း အချုပ်အခြာ အာဏာနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်ထောင်တစ်ခု ဖြစ်ပါတယ်။ ဒါကို ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားပါတယ်။ ဒါကြောင့် မိမိတို့နယ်မြေအတွင်းမှာရှိတဲ့ ကျူးကျော်သူ အာဏာရှင်စစ်တပ်ကို အပြီးအပိုင် တိုက်ထုတ်သွားရမှာ ဖြစ်တယ်။

ချင်းအမျိုးသားများနှင့် Chinland ပြည်သူများ ခင်ဗျား- တတိယအချက်ကတော့ “အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ Chinland တည်ဆောက်ရေး” ဖြစ်ပါတယ်။ Chinland Council ဖွဲ့စည်းရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အာဏာရှင်စနစ် အဆုံး သတ်ရေးနဲ့ Chinland တည်ဆောက်ရေး အမြန်ဆုံး အောင်ပွဲခံနိုင်ဖို့ ဖြစ်တယ်။ Chinland Council ကို ချင်းအမျိုးသားများနဲ့ Chinland ပြည်သူအားလုံး ဝန်းရံပံ့ပိုးကြရမှာ ဖြစ်ပါတယ်။ ​ချင်းအမျိုးသားရေးလှုပ်ရှားမှုဟာ အင်အားစုတစ်ရပ်လုံး စုစည်းမှသာလျှင် အရှိန်အဟုန်နဲ့ ထိရောက်စွာ တိုက်ပွဲဝင်နိုင်မှာ ဖြစ်တယ်။ Chinland တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားတည်ဆောက် ရေးအတွက် “ချင်း”ဆိုတဲ့ အမျိုးသားစုစည်းမှုနဲ့ ညီညီညာညာ သွားကြမှသာလျှင် ကျစ်လစ်ခိုင်မာတဲ့ အင်အားကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။

ချင်းအမျိုးသားတော်လှန်ရေး ခိုင်မာအားကောင်းမှသာ Chinland တည်ဆောက်ရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ​Chinland ဥပဒေပြုရေး၊ Chinland အုပ်ချုပ်ရေး၊ Chinland တရားစီရင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Chinland Council က Chinland လွှတ်တော်၊ Chinland အစိုးရအဖွဲ့၊ Chinland တရားလွှတ်တော်ချုပ်တို့ကို မကြာမီ ဖွဲ့စည်းထူထောင်သွားမှာ ဖြစ်ပါတယ်။ ချင်းပြည် (Chinland) တည်ဆောက်ရေးမှာ ချင်းအမျိုးသား များနဲ့ Chinland ပြည်သူတစ်ရပ်လုံး တက်ညီလက်ညီ တာဝန်ထမ်းရွက်ကြမယ်လို့ ယုံကြည်ပါတယ်။ ချင်းအမျိုးသားများနှင့် Chinland ပြည်သူများ ခင်ဗျား-

စတုတ္ထအချက်ကတော့ “နိုင်ငံရေးနဲ့အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ဖြစ်ပါတယ်။ Chinland Council အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EAO)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ စစ်ရေး၊ နိုင်ငံရေးမှာ ဟန်ချက်ညီညီ အတူတကွ တိုက်ပွဲဝင်လျက်ရှိပါတယ်။

​ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ K3C မှာ စုစည်းပြီး အတူတကွ လက်တွဲဆောင်ရွက်နေသလို ဗဟိုကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) မှာ စုစည်းပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်လျက်ရှိပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က “၁၀၂၇ စစ်ဆင်ရေး” ကို ပြုလုပ်ပြီး တော်လှန်ရေးကို အားကောင်းစေတဲ့အတွက် မဟာဗျူဟာထိုးစစ်အသွင်ကို နိုင်ငံတစ်ဝန်း ဆင်နွှဲလာနိုင်ပြီ ဖြစ်ပါတယ်။

​ဒီအချိန်ကာလဟာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံးသောအချိန် ဖြစ်သလို မိမိတို့ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အကောင်းဆုံးသောအခွင့်အလမ်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းများအားလုံး စုစုစည်းစည်းနဲ့ ပူးပေါင်းတိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ တစ်ပြည်ထောင်စနစ်နဲ့ အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်တို့ကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ချင်းအမျိုးသားများနှင့် Chinland ပြည်သူများ ခင်ဗျား-

​မင်္ဂလာရှိတဲ့ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်နဲ့ အမျိုးသားအောင်ပွဲဆီသို့ ချီတက်ကြ ပါစို့၊ ဘုရားသခင်က မိမိတို့ ချင်းလူမျိုးအတွက် ပြင်ဆင်ပေးတဲ့ အကြံအစည်များကို သိရှိနားလည် လျက် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့ ဖိတ်ခေါ်တိုက်တွန်းအပ်ပါတယ်။ ချင်းအမျိုးသားတော်လှန်ရေး မုချအောင်ရမည်။ Chinland Council

Leave a Comment